
၁။ တနင်္ဂနွေသားသမီး (အ၊ ဥ၊ သြ)
တနင်္ဂနွေသားသမီးတွေအတွက် ဝင်ငွေအလွန်ကောင်းတဲ့နှစ်လို့ သတ်မှတ်နိုင်ပါတယ်။ အသုံးအစွဲကြီးတဲ့အတွက် ဝင်ငွေနဲ့ထွက်ငွေ မမျှဖြစ်နေပြီး အကြွေးတွေတင်နေတတ်ပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ မျှတစေဖို့အတွက် ဝင်းငွေနဲ့ထွန်းငွေ နာမည်ရှိတဲ့လူနှစ်ယောက်ကို ဝမ်းနှုတ်ဆေးထည့်ပြီး လက်ဖက်ရည်ခေါ်တိုက်ပါလေ။ အချစ်ရေးအပိုင်းမှာတော့ ရှုပ်ထွေးပွေလီလှတဲ့နှစ်ဖြစ်တာနဲ့အညီ စိတ်ငြိုငြင်မှုတွေ၊ ဝမ်းနည်းမှုတွေ ကြုံတွေ့နိုင်ပါတယ်။ ယတြာအနေနဲ့ကတော့ သင်္ကြန်ရုံးပိတ်ရက်မှာ ငပလီကို သွားပြီး ရှုပ်ထွေးဆိုတဲ့ကောင်မလေးကို ရည်းစားစာရှစ်စောင်ပေးပါလေ။ အိမ်သာတက်ရင်း အူကျနိုင်သလို အနာကြီးရောဂါသည်နဲ့လည်း အိမ်ထောင်ကျနိုင်ပါတယ်။ တစ်နှစ်ပတ်လုံးကံကောင်းလိုရင်တော့ သောကြာနေ့မှာ ဥဥနေတဲ့ ကြက်မရဲ့ဖင်ကို လျှာနဲ့သုံးခါလျှက်ပြီး “အောင်ပြီ အောင်ပြီ အောင်ပြီ” လို့ အော်ပါလေ။
၂။ တနင်္လာသားသမီး (က၊ ခ၊ ဂ ၊ ဃ၊ င)
လကုန်ရက်မှာ ဖိနပ်ပြတ်ကိန်းရှိသလို အကြွေးရှင်နဲ့တိုးကိန်းရှိတဲ့အတွက် စီးပွားရေးမှာ ကံဇာတာဂြိုလ်စီးတဲ့နှစ်လို့ သတ်မှတ်နိုင်ပါတယ်။ ယတြာအနေနဲ့တော့ ကြာကူလီရိုက်နည်းအဖုံဖုံပါဝင်တဲ့ ကာမသျှတ္တရကျမ်းကို ခေါင်းရင်းမှာထားပြီး အိပ်စက်ပါလေ။ ဂေါက်ကြောင်ကြောင်နိုင်တဲ့ ကောင်မလေးနဲ့ မေတ္တာမျှကိန်းရှိတဲ့အတွက် တစ်နှစ်ပတ်လုံး ကလေးထိန်းကိန်းရှိပါတယ်။ ကြာသပတေးနေ့မှာ ကန်စွန်းရွက်ကို ပန်းပန်ပြီး ခရေပင်အောက်မှာ ကင်းမြီးကောက်ထောင်ပါလေ။ အလုပ်နဲ့ပက်သက်ရင်လည်း ၁ဝရက်ပိတ်မယ်လို့ထင်ထားရာကနေ ငါးရက်ပဲပိတ်လိုက်လို့ အစီအစဉ်တွေ ကမောက်ကမဖြစ်တတ်ပါတယ်။ ယကြာအနေနဲ့ကတော့ ပဲကြီးလှော်ကိုးတင်းကို အရပ်ကိုးမျက်နှာမှာ လှည့်လည်ပြီး “ပဲဟဲဟဲ” လို့ ကိုးကြိမ်တိုင်တိုင် အော်ဟစ်ပါလေ။
၃။ အင်္ဂါသားသမီး (စ၊ ဆ၊ ဇ၊ စျ၊ ည)
ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အကျိုးပေးနိုင်တဲ့အတွက် အိမ်သာဆောက်တာတွေ၊ ကင်းတဲဆောက်တာတွေ ပြုလုပ်ပေးသင့်သလို ကျောက်မြတ်ရတနာ ဝင်ကိန်းရှိတဲ့အတွက် လမ်းခင်းကျောက်များ၊ ဂဝံကျောက်များ၊ ဓားသွေးကျောက်များ အိမ်ထဲကို အဝင်မခံပါနဲ့။ အတိတ်ကဖူးစာပါသော်လည်း တကျတ်ကျတ်ဖြစ်အံ့။ ကိုယ်တကယ်ချစ်တဲ့ သူနှင့်သာ အဆင်ပြေစေရန် ဆင်သက်စေ့ စီးပေးပြီးတော့ ဆင်ကိုးကောင်တံဆိပ်ဖိနပ်တစ်ဖက်တည်းစီးလို့ နေထိုင်ရာမြို့အနှံ့ တစ်ပတ်ပတ်ပေးရပါမယ်။ ညအိပ်ရာဝင်ခါနီး အချိန်တွေမှာ ချစ်သူအမည်ကို ဆယ်အိမ်လောက်ကြားရလောက်အောင် ဆင်အော်သံမျိုးနဲ့ ဆယ်ကြိမ်အော်ပေးပါ။ ကျီးပေါင်းတက်တာ ၊ ဆီးကျင်တာ၊ ဆီးအောင့်တာတွေလည်း ဖြစ်တတ်ပါတယ်။ တစ်နှစ်ပတ်လုံးအဆင်ပြေချင်ရင်တော့ စျေးထဲကို သွားပြီး “ခရမ်းသီး လာဝယ်တာ ၊ ဟင်းချက်ဖို့ မဟုတ်ဖူး” လို့ပြောပြီး ဝယ်ခဲ့ပါ။
၄။ ဗုဒ္ဓဟူး (ရာဟု) သားသမီး (ရ၊ လ၊ ဝ)
ရေလုပ်ငန်း၊ တွင်းထွက်လုပ်ငန်းတွေနဲ့ စီးပွားရေးအောင်မြင်ကိန်းရှိတဲ့အတွက် ရေစည်တွန်းတာတွေ၊ ဂဏန်းတွင်းနှိုက်တာတွေ၊ ကြွက်တွင်းနှိုက်တာတွေပြုလုပ်ပြီး မဲနှိုက်တာ၊ မြွေတွင်းနှိုက်တာတွေလည်း အခြေအနေပေါ်မူတည်ပြီး လုပ်ငန်းတိုးချဲ့နိုင်ပါတယ်။ ဝက်ရူးပြန်ရှိသူတွေ၊ ယဉ်ယဉ်လေးနဲ့ရူးနေသူတွေ၊ လေကျယ်သူတွေနဲ့ စီးပွားရေးစပ်တူလုပ်သင့်ပါတယ်။ အိမ်ထောင်ရေးအခြေအနေကတော့ မိမိအတွက် အနစ်နာခံပြီး စစ်မှန်တဲ့ချစ်သူ ပေါ်ထွန်းလတ္တံ့။ ကျန်းမာရေးအနေနဲ့က မျက်လုံးနာရောဂါတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အင်္ဂလန်ဗီးရှင်း၊ ဖင်လန်ဗီးရှင်း၊ အိုင်ယာလန်ဗီးရှင်း၊ အိုက်စလန်ဗီးရှင်းဆိုင်တွေမှာ မျက်စိသွားပြပါလေ။ ယတြာအနေနဲ့ကတော့ အဖေ့ဆီသွားပြီး “လူငယ်သဘာဝ မိန်းမယူချင်လို့ပါ” လို့ပြောပါလေ။ ရာဟုသားသမီးတွေအနေနဲ့ကတော့ ကားဝယ်ကိန်းရှိတဲ့အတွက် YBS ၊ အငှားကား၊ ဆိုက်ကားတောင် မစီးသင့်ပါ။ ကျိန်းကျေသွားမှာစိုးလို့ ဘယ်ကိုပဲသွားသွား ခြေကျင်သွားပါလေ။ လက်တွန်းလှည်း၊ ဝှီးချဲကိုတော့ ဆန္ဒရှိသလောက် စီးပါလေ။ ရာဟုသားသမီးတွေအတွက် ယတြာကတော့ ချိုးစာငှက်စာအတွက် ဆန်တစ်အိတ်ဝယ်ပြီး ဆန်တစ်ဆုတ်ကြဲလိုက်တိုင်း “အညံ့တွေ ထွက်” ဆိုပြီး သုံးခါအော်ပေးပါ။ ဆန်တစ်အိတ်ကို တစ်ထိုင်တည်း ကြဲနိုင်ရင် ပိုကောင်းပါတယ်။
၅။ ကြာသပတေးသားသမီး (ပ၊ ဖ၊ ဘ၊ ဗ၊ မ)
“ကြာသပတေး – ကြွက်” တွေဟာ ကန်ထရိုက်လုပ်ငန်း၊ တိုင်းရင်းဆေးဝါးလုပ်ငန်းမှာ အကျိုးပေးနိုင်တဲ့အတွက် ကုလားအော်သီးနဲ့ မျက်စဉ်းဖော်ခြင်း၊ ပဒိုင်းသီးနဲ့ စိတ်ငြိမ်ဆေးဖော်ခြင်းနဲ့ ခွေးလှေးယားသီးနဲ့ ယားနာပျောက်ဆေးဖော်သင့်ပါတယ်။ အချစ်ရေးမှာ ဦးနှောက်နဲ့ဆုံးဖြတ်ရနိုင်ပြီး အိမ်ထောင်မကျသေးသူများ အိမ်ထောင်ကျကိန်းရှိသလို အိမ်ထောင်ရှင်များလည်း တစ်ခုခုထပ်ကျကိန်းရှိပါတယ်။ ခေါင်းမူး၊ ခေါင်းကိုက်ဝေဒနာတွေ ခံစားနိုင်လို့ ချားစီးခြင်း၊ ရဟတ်စီးခြင်း ရှောင်ကြဉ်သင့်ပြီး ကိုယ်လက်လေ့ကျင့်ခန်းအနေနဲ့ လက်ဝှေ့ထိုးသင့်ပါတယ်။ ယတြာအနေနဲ့ကတော့ ခွေးဖင်ပူးတာကို နောက်ခံထား Selfie ပုံရိုက်ပြီး Facebook ပေါ်တင်ပါလေ။
၆။ သောကြာသားသမီး (သ၊ ဟ)
အိမ်ခြံမြေအရောင်းအဝယ်လုပ်ရာမှာ ကံမကောင်းတတ်၊ လူနေအိမ်နဲ့ စာကလေးအိမ်၊ ဝက်ခြံနဲ့ ကြက်ခြံ၊ လူနေတိုက်နဲ့ ရေခဲတိုက်၊ လန်မိုဂီနီနဲ့ အမှိုက်ကား ရောင်းမှားဝယ်မှားဖြစ်လတ္တံ့။ ဥစ္စာပစ္စည်းမှာလည်း ကံမကောင်းတတ်၊ အိမ်အလုံးလိုက် အခိုးခံရကိန်းရှိ။ အချစ်ရေးမှာ မထင်မှတ်တဲ့သူတွေနဲ့ ဖူးစာဆုံနိုင်ပြီး သည်းသည်းလှုပ်ချစ်တတ်တဲ့ အချစ်သမားတွေနဲ့ တွေ့နိုင်ပါတယ်။ နေအိမ်လှေကား အတက်အဆင်းတွေမှာ မတော်တဆ ချော်ချက်လဲ နဖူးကွဲ ၊ ဒူးပြဲ ဖြစ်နိုင်တဲ့အတွက် အိမ်လှေကားထစ် အဆင်းတွေမှာ ဖင်တရွတ်ဆွဲဆင်းပေးခြင်း ၊ နေအိမ်လှေကားထစ် အတက်တွေမှာ လေးဖက်ထောက်တက်ပေးခြင်းဖြင့် ကျန်းမာရေး အခက်အခဲများကို ကာကွယ်နိုင်ပါတယ်။ တစ်နှစ်ပတ်လုံးကံကောင်းလိုရင်တော့ ပဲကြီးလှော်စားပြီး ချစ်သူရှေ့မှာ အသံထွက်အောင် လေလည်လိုက်ပါ။
၇။ စနေသားသမီး (တ၊ ထ၊ ဒ၊ ဓ၊ န)
“စနေတို့ဘုန်း မိုးသို့ချုန်း” ဆိုသလို ဘုန်းတန်ခိုးကြီးနိုင်တဲ့အတွက် Myanmar Idol မှာ သီချင်းဆိုဝင်ပြိုင်ပါလေ။ အိမ်ထောင်ရေးမှာတော့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတဲ့အတွက် အခြောက်တွေကို ရည်းစားစကားလိုက်ပြောပေးမယ်ဆိုရင် အညံ့တွေ ပြေပျောက်စေပါတယ်။ နတ်ကတော်တွေနဲ့ စီးပွားဖက်လုပ်ပြီး လုပ်ငန်းတိုးချဲ့ပါလေ။ ကျန်းမာရေးအနေနဲ့ စိုးရိမ်စရာမရှိဘဲ ရုတ်တရက် သေကိန်းသာရှိပါတယ်။ တစ်နှစ်ပတ်လုံးအဆင်ပြေစေဖို့အတွက် လမ်းဆုံလမ်းခွထိုင်ပြီး တွေ့သမျှလူတိုင်းကို “အန်ကယ်ကတော့ No ပါကွယ်” လို့ သုံးခါပြောပါလေ။